Showing posts with label monalisa. Show all posts
Showing posts with label monalisa. Show all posts

Tuesday, August 11, 2009

မိုနာလီဇာသို့ ရင်ဖွင့်ခြင်း

ဟုတ်တယ်
မိုနာလီဇာ
အချစ်ဆုံးပါလို့
စကားလုံးတွေ မတပ်ချင်ဘူးကွယ်။
မင်းအပြုံးတွေ
ဆွတ်ယူဖမ်းစားခဲ့ လို့
အလင်္ကာနဲ့ သင်္ခါရ
ပျက်လုံးထုတ်ခံရပေါင်းလဲ .. များပြီ။
ညီမျှခြင်းတွေထဲက
မညီမျှခြင်းတွေအတွက်
သိမ်မွေ့စွာ ကြိုးစားပါရစေ
ငါ့ဝိဥာဉ်တွေ .. မသန့်စင်တော့ဘူး။
မိုနာလီဇာ
ခံစားမှု စစ်စစ်ထဲကို
တိုးဝင်ငြိတွယ်ရင်း
ချိန်ခွင်ငြှာ ညှိတဲ့ ခဏ
ဟိုး ... ဝေးဝေးမှာ ပြေးထွက်စွန့်ခွာ
ကျောခိုင်းထားလိုက်စမ်းပါ။
ဒီမှာ
မိုနာလီဇာ
မပြတ်သားခြင်းတွေနဲ့
ယဉ်ပါးခဲ့ လို့
အသည်းနှလုံးဆိုတဲ့ တန်ဘိုးဟာ
အမြဲတမ်း ဆုံးပါးခဲ့ ရတယ်
အညတရရဲ့ အတ္တအတွက်
ဘဝမှာနေပျော်ဖို့
ဖျော်ဖြေရေး တေးတစ်ပုဒ်
အဟုတ်ကို
နားမထောင်ချင်ဘူးကွယ်။
ဒါပေမယ့်
ရာစုများစွာရဲ့
ဂြိုလ်နက္ခတ်တွေ ဖြတ်သန်းရင်း
ချေးညှော်ညစ်ထပ်
ထုံထိုင်းလေးလံလွန်းလို့
သတ္တုသံပေါက်နေတဲ့
ငါ့အသံနက်နက်နဲ့
ဟစ်အော်လိုက်တော့မယ်
မင်းအပြုံးတွေ .. ရုတ်သိမ်းပေးပါ
မိုနာလီဇာ
ငါ ...
ပြတ်..သား ..ချင် ..တယ် ။

နေဆူးသစ်