Thursday, April 24, 2008
ကလေး... သို့ (မနော်ဟရီ)
ကလေးရေ...
မုန်တိုင်းတွေဟာမောပန်းလာတယ်
ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့
မနက်ဖြန်တွေဟာ
အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။
ကလေးရေ
နှုတ်ခမ်းတွေကိုကြားရလား...
စကားလုံးများစွာက ခုန်ထွက်လာရဲ့
အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ
အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။
ကလေးရေ...
မျက်ဝန်းတွေကိုဖတ်တတ်ပြီလား...
ယောင်မှားသံသယတွေသာရရှိခဲ့
ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး
မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။
ကလေးရေ...
နှလုံးသားတွေပျောက်နေတယ်
ဘယ်သူများခိုးယူသွားပါလိမ့်
တစ်ယောက်တည်းကလား...
အများကြီးကလား...
နှလုံးသားတွေကိုရှာဖွေဖို့
နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။
ကလေးရေ...
ပန်းတွေကိုခိုးခူးမထားနဲ့နော်
အပျော်ဆိုတာတခဏ...
ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ
ထာဝရမတည်မြဲဘူး
ဆူးစူးတတ်သေးတယ်... ။
ကလေးရေ...
အိပ်မက်တွေကိုတော့
ချိုးမကွေ့ခဲ့လိုက်ပါနဲ့
ပစ္စုပ္ပန်ရဲ့အရှိတရား
ခါးသက်လွန်းလှပါတယ်...
တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ
ခွာချမရနိုင်ခဲ့...
ကိုယ်တို့ရဲ့အဆောင်အဖြစ်
အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။
ကလေးရေ...
ခန္တီစတရား... တဲ့
ပညာရှိစကားနဲ့သာဆိုခဲ့ရ
သက်သာရာရအောင်လေ...
အမှန်က... အားမတန်၊ မာန်ချ... တဲ့
အဲဒါတွေနဲ့ပဲ
ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ
တစ်ဘ၀စာမို့သာနော်... ။
ကလေးရေ...
သင်ခန်းစာတွေလေ...
သင်ခန်းစာတွေ...
ပျားရည်ဖွပ်ထားရသလိုပါပဲ
အရသာကတော့ချိုပါရဲ့...
ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။
မနော်ဟရီ
၀၁.၀၈.၁၉၉၄
author : ma naw hari
title : kalay thoe'
Tuesday, April 22, 2008
ပွဲကြည့်ပရိသတ် (မနော်ဟရီ)
ပွဲကြည့် ပရိသတ်
အဲဒီ ... အနာတရကောင်းကင်ပြင်နဲ့
ဟောဒီ ... တစ်လမ်းသွား ဟိုင်းဝေး လမ်းမကြီးရဲ့
ဆက်စပ်မှု ခပ်မွဲမွဲမှာ ...
ငါဟာ ... ကျောခင်းခံ ပေးထားတဲ့
တံတားအို တစ်စင်းပေါ့ ... ။
အခြေမခိုင်တဲ့ တိကျမှုတွေနဲ့ ဖွဲ့စည်း
အခန့်မသင့် ထူးခတ် ခံလိုက်ရမှုမှာ...
ငါဟာ ... တံတားတစ်စင်း ဖြစ်ခဲ့တာကွဲ့ ...
ချစ်သူရယ် ...
မင်းရဲ့ ခြေလှမ်း ဖွဖွလေးတွေနဲ့
ဖြတ်သန်း လျှောက်နင်း သွားလိုက်စမ်းပါ ... ။
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း...
ပျော်ရွှင် ရယ်မောသံတွေ ကြားခဲ့ရ
ငါ့မှာတော့ လိုက်လံတုပလို့ ကောင်းတုန်းပါပဲ ...
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့ ... ခန္တီစတွေ များများလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း
သံစဉ်တေးချင်းတွေ ဖြစ်တည်သွားကြ
ငါ့မှာတော့ မျက်ရည်စတွေ စွတ်စိုလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း
........... ............ ...........
ကြည့်ကောင်းကောင်းနဲ့ မဟုတ်ဘူး
မဖြစ်မနေ မျက်ဝန်းတွေရဲ့ တည်ရှိရာ
ငါ့ ရင်ဝဟာ ဖရိုဖရဲနဲ့
ကောင်းကင်နဲ့ လမ်းမ အကြား ...
ငါ ... ဘာလို့များ ...
တဖြည်းဖြည်း မှုန်ဝါး မသွားရတာ တဲ့လဲ ... ။
ရင်ဝမှာ ...
သံချွန်တွေစိုက်ခင်းဆက်စပ် ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲ ကျန်တော့တယ် ...
ယိုင်နဲ့ပြိုလဲ လုလုနဲ့ ...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့် ကလည်း မရှိ
ရင်ကလည်း မချိတော့
ဘယ်အချိန် ကားလိပ်ချ မလဲဘဲ ...
ရင်တမမနဲ့ ကြည့်နေ ရတော့တယ်။
မနော်ဟရီ
(၁၉၉၅)
author : ma naw hari
title : audience
Monday, April 21, 2008
မှန်ကွဲစများ၏ရာဇ၀င် ( မနော်ဟရီ )
တစ်ခါတစ်ခါ...
ငါ့ကိုယ်ငါ မမှတ်မိဘူး
လူထူးလူဆန်းလိုမင်သက်
စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ...
ပျော့ညံ့လိုက်တာကွာ
(အားမတန် မာန်ချ... တဲ့)
တစ်ခါတလေကျ
ငါ့ဟာငါတောင်အံ့သြ
နှမြောတသ ဖြစ်နေမိသေးတယ်...
နေရာလွဲမှားသွားလို့
ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့
ငါ့ရဲ့မာနအတွက်လေ...
သေပစ်လိုက်စမ်းပါလား
(တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... )
တစ်ခါတစ်ရံ
ပြန်ပြန်မေးယူရတယ်
ငါဟာငါဟုတ်သေးရဲ့လား
ပထမတန်းစားသတ္တိတွေနဲ့
သူရဲကောင်းတံဆိပ်တွေ အခါခါရ...
မိုးမလင်ချင်ကြတော့ဘူး...
(အိပ်မက်တွေကချိုတယ်... )
အဲဒါနဲ့...
ကာလတွေသာကြာရော...
ဝိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ
မှန်တစ်ချပ်လည်းကွဲကျ... ။
(ကျကွဲခြင်းမဟုတ်ပါ...)
မနော်ဟရီ
author : ma naw hari
title : story of pieces of broken mirror
Thursday, March 27, 2008
မပြန်ချင်တဲ့ လမ်း (မနော်ဟရီ)
ကျဆုံးနေခဲ့ရတဲ့ညများ
အပြင်းစားနောင်တတွေကို
မျိုချခိုင်းနေတယ်..။
ရီဝေစွာ မူးယစ်လိုက်ပါကွဲ့
ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား
ခက်တော့ခက်သားနော်
ခြေချော် လက်ချော်ဆိုတဲ့ဝေါဟာရ
ကံကောင်းခြင်းဘက်ကလဲ လာဦးမှပေါ့..။
အဲဒါ..ကျုပ်မရလိုက်တဲ့အရာ
မအံ့သြလိုက်ပါနဲ့
အကြိမ်များစွာ လှုပ်နှိုးခဲ့ရ (ကိုယ့်ဘာသာကိုယ်)
နိုးထလိုက်တဲ့အခါမှာ
အသားမကျစွာပါဘဲ
စူးရဲတဲ့နေခြည်အောက်
နောက်ကျနေခဲ့ပြီ ထင်ပါရဲ့...။
ကိုယ်လက်သန့်စင်လိုက်ကြ
မှန်ရှေ့က မခွာနိုင်ကြ
ဒီလိုနဲ့..နေ၀င်သွားရ
ကြုံရဦးမဲ့ ညတွေမှာ
လှပတဲ့အိမ်မက်ရှည်တွေ
ဝေးဝေးနေကြစမ်းပါ..။
ဒီမှာ..နောင်တဟာ
ဒဏ်ရာရဲ့အမာရွတ်တဲ့
လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။
မနော်ဟရီ (၂.၆.၁၉၉၄)
လက်အံသေခြင်း (မနော်ဟရီ)
သီချင်းတွေ တစ်စက်စက် ကုန်သွားတာ
သတိမထားလိုက်မိဘူး။
အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလဲ ပါပါနေတယ်..မခက်ဘူးလား
ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး
ကောင်းချီးပေးခိုင်းရဦးမယ်။
ရန်သူတွေ အကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေ မျုားများလာတယ်
လေဟာနယ်တွေဟာ
ကျန်းမာရေးကို ထိခိုက်စေတာ သေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ။
တခါတခါ ဒါးတွေဟာ ရှေ့ကလဲလာတတ်ပါတယ်
လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး
အနာဂတ်တွေကို ဖိဖိရေးရင်း
နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
ကံကြမာတွေတောင် ဖွေးဖွေးဖြူလို့။
ကျွန်မဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေး လာဘ်ယူလုပ်ထားရပါ့မလဲ
ခုထိမဝေခွဲနိုင်သေးဘူး။
-
ဆရာ ဇော်ဂျီရဲ့ ကဗျာလေးတွေတင်ပေးလိုက်ပါတယ် .. နောက်လဲ အဆင်သင့်ရင် တင်ပေးသွားဖို့ ဆန္ဒ ရှိပါတယ် ..
-
ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာထဲက ပန်းပန်လျှက်ပဲ ဆိုတဲ့ အပိုဒ်လေးပါ။ အရမ်းကို နာမည်ကြီးခဲ့တာမို့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ပန်းပန်လျှက်...