Tuesday, April 22, 2008

ပွဲကြည့်ပရိသတ် (မနော်ဟရီ)

ပွဲကြည့် ပရိသတ်

အဲဒီ ... အနာတရကောင်းကင်ပြင်နဲ့
ဟောဒီ ... တစ်လမ်းသွား ဟိုင်းဝေး လမ်းမကြီးရဲ့
ဆက်စပ်မှု ခပ်မွဲမွဲမှာ ...
ငါဟာ ... ကျောခင်းခံ ပေးထားတဲ့
တံတားအို တစ်စင်းပေါ့ ... ။
အခြေမခိုင်တဲ့ တိကျမှုတွေနဲ့ ဖွဲ့စည်း
အခန့်မသင့် ထူးခတ် ခံလိုက်ရမှုမှာ...
ငါဟာ ... တံတားတစ်စင်း ဖြစ်ခဲ့တာကွဲ့ ...
ချစ်သူရယ် ...
မင်းရဲ့ ခြေလှမ်း ဖွဖွလေးတွေနဲ့
ဖြတ်သန်း လျှောက်နင်း သွားလိုက်စမ်းပါ ... ။
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း...
ပျော်ရွှင် ရယ်မောသံတွေ ကြားခဲ့ရ
ငါ့မှာတော့ လိုက်လံတုပလို့ ကောင်းတုန်းပါပဲ ...
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့ ... ခန္တီစတွေ များများလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း
သံစဉ်တေးချင်းတွေ ဖြစ်တည်သွားကြ
ငါ့မှာတော့ မျက်ရည်စတွေ စွတ်စိုလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်း သွားရင်း
........... ............ ...........
ကြည့်ကောင်းကောင်းနဲ့ မဟုတ်ဘူး
မဖြစ်မနေ မျက်ဝန်းတွေရဲ့ တည်ရှိရာ
ငါ့ ရင်ဝဟာ ဖရိုဖရဲနဲ့
ကောင်းကင်နဲ့ လမ်းမ အကြား ...
ငါ ... ဘာလို့များ ...
တဖြည်းဖြည်း မှုန်ဝါး မသွားရတာ တဲ့လဲ ... ။
ရင်ဝမှာ ...
သံချွန်တွေစိုက်ခင်းဆက်စပ် ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲ ကျန်တော့တယ် ...
ယိုင်နဲ့ပြိုလဲ လုလုနဲ့ ...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့် ကလည်း မရှိ
ရင်ကလည်း မချိတော့
ဘယ်အချိန် ကားလိပ်ချ မလဲဘဲ ...
ရင်တမမနဲ့ ကြည့်နေ ရတော့တယ်။

မနော်ဟရီ
(၁၉၉၅)


author : ma naw hari


title : audience

No comments: