Tuesday, November 3, 2009

ဒုတိယတန်းစား

ကျွန်တော့် ရင်အုံလှောင်ချိုင့်မှာ
ခြင်္သေ့တစ်ကောင် ရှိပါတယ်
သူက ...
ကျွန်တော့် စကားနွမ်းတွေကို
မစားသုံးချင်ဘူးတဲ့။
ကောင်းကင်ရဲ့အောက်မှာ
လတ်ဆတ်တာ ဘာမှမရှိဘူးလို့
ဖြောင့်ဖျတာတောင်မှ
သူက .. မကျေနပ်နိုင်ဘူး။
ကျွန်တော့်ကို
တစ်ချိန်လုံးကုတ်ခြစ်ကာ
ဟိန်းဟောက်လိုက်
တောင်းပန်လိုက်နဲ့ပါပဲ။
ကဲ ...
မီးတောင်လို ပေါက်ကွဲလို့
သူ ..
လွတ်လာပြီဆိုပါစို့ ..။
ဘယ်မှာလဲ ... သူ့ကောင်းကင်
ဘယ်မှာလဲ ... သူ့လွင်ပြင်။
သူက အရိုင်းဆန်တယ်
ကျွန်တော့်လို လိုက်လျောညီထွေ
မနေတတ်ဘူး၊
ဆင်ခြေဖုံးရပ်ကွက်က
ထပ်ခိုးလေးတစ်ခုတောင်
သူ ခိုလှုံဖို့ ရမှာမဟုတ်ဘူး။
ကျွန်တော့်လို ဒုတိယတန်းစားတွေနဲ့
မပတ်သက်ချင်ပါဘူးလို့
သူဘယ်လောက်ပြောပြော
သူ့ထွက်ပေါက်ကို ပိတ်ထားရမှာပဲ။
နာကျင်၊ မောပန်း၊ လေးလံ
အာရုံတွေ ကန်းခဲ့ပြီ ...။
ပျံသန်းနေတဲ့
တိမ်တိုက်တွေမြင်ရင်တောင်
အားကျရမှန်းမှ မသိ
ထုံပေပေစိတ်နဲ့သာ
ကြည့်နေမိတော့တယ်။
ခုနေများ ...
တန်ခိုးရှင်တစ်ပါးက
ပျော်စေသတည်း လို့
ကောင်းချီးပေးရင်တောင်
နှစ်များစွာက အေးခဲခဲ့တဲ့
မျက်ရည်တွေသာ
ပျော်ကျလာမယ် ထင်ပါရဲ့ ...။
တင်မင်းထက်
(စက်မှုတက္ကသိုလ်မှ အမည်မသိကဗျာစာအုပ်)

No comments: